နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Friday 9 March 2012

" ဂုဏ် ရှိသူရဲ့ စကား"

စာရေးသူ မြန်မာပြည်တွင် ရှိနေစဉ် မော်လမြိုင် မှ မိတ်ဆွေ တစ်ယောက် က ၀မ်းမြောက်စွာ ပင့်လျှောက်
သည်၊ မော်လမြိုင် သို့ အလည်တစ်ခေါက် ကြွရောက်နိုင်ပါသေးလျှင် ကြွဖို့ နှင့် တရားဓမ္မ နာကြား ချင်သေး
ကြောင်း ၊စကားလက်ဆုံ တရား စုံစုံလင်လင် မနာကြားရတာကြာပြီးဖြစ်ကြောင်း၊ မော်လမြိုင် မှ အပြီးတိုင်
ခွဲသွားသော်လဲ  ဘယ်သော်အခါမှ မမေ့နိုင်သေးကြောင်း စသည်ဖြင့် လျှောက်ထား ချက် ပါရှိသည်။
ထို လျှောက်ထားချက်ကို ကြားသိ၍ မိမိ အပေါ် စေတနာ ထားတတ်သူ ၊ လှူဒါန်း ထောက်ပံ့ သူ၊ အာမိသ ခေါ်သော ပစ္စည်းဖြင့် ထောက်ပံ့လှူဒါန်းသူ ဖြစ်ခဲ့ရုံမျှမက မိမိ အားငယ်နေသော အခါ အမြဲ အားပေး ပြောဆို ကူညီတတ်သော ကျေးဇူး ရှင် ပုဂ္ဂိုလ် များခဲ့ဖူလေသည်။
 ထိုပုဂ္ဂိုလ်များကို ရည်စူး၍ မိမိ သည် တရား တစ်ပုဒ်ဟောကြားခဲ့ဖူးလေသည်၊ ယခု အခါ ထို တရားတော်
ကို စာဖတ်ပရိသတ်တို့ အတွက် ပို့စ်တစ်ခု အဖြစ် ရေးသားတင်ပြပေးသွားပါမည်။ 
လူတွေအားလုံး မနက်မိုးလင်း မှ နေ၀င်မိုးချုပ် အလုပ်လုပ်နေကြရသည်၊ဘာအတွက် အလုပ်လုပ်ကြတာလဲ
စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့အတွက် ၊ သားမယား အတွက် စတဲ့ အတွက်ပေါင်းများစွာနဲ့  အလုပ်လုပ်နေ
ကြရသည်၊ မိမိတို့နှင့် သက်ဆိုင်ရာ ပတ်ဝန်းကျင်တွင်လူသဘာဝ အလျောက် သူထက်ငါ အပြိုင် သုံးချင် စားချင် နေချင် ၀တ်ချင် နေကြသည်။ ရွှေများများ ၀တ်နိုင် ငွေများများ သုံးနိုင်ကြတာ ကို ဂုဏ်လို့ ထင်တတ်
ကြလေသည်။ လူ့   သဘာဝမှာ ဂုဏ် ကို အလွန်တက်မက်မောကြသည်။ ဂုဏ်ရှိသူ နဲ့ စကားပြောချင်ကြ
သည်၊ နားထောင်ချင်ကြသည်၊ ဂုဏ်ရှိသူအချင်းချင်း ပေါင်းသင်းချင်ကြသည်၊ ဂုဏ်ရှိသူ ပြောသော စကား
ကို လိုက်နာချင်ကြသည်၊ ကျင့်သုံးချင်ကြသည်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ ဂုဏ်ရှိသူ၏ စကား ကို ကြား
ချင်ကြသည်၊ တစ်နည်းဆိုရသော် လူတွေအားလုံး ဂုဏ် နောက်ကို လိုက်နေကြသည်  ဟု ဆိုလျှင် မှားမည်
ဟုမထင်၊   ယခု ရေးသားတင်ပြပေးမည့် အကြောင်းသည် ဂုဏ်ရှိသူ ၏ အကြောင်း၊ ဂုဏ်ရှိသူ၏ စကား များ
ဖြစ်ပါသည်။ လောက၌ လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးရဲ့ ဆရာ ဆိုတဲ့ ဂုဏ်၊ လောက မှာ တုမရ နှိုင်း မရ
ပြိုင်မ၇ တဲ့ အတု မရှိတဲ့ ဂုဏ်၊  သစ္စာလေးပါး တို့ကို ဆရာမရှိ မိမိ ၏ အစွမ်းဖြင့် ထိုးထွင်းသိမြင် နိုင်သော
ဂုဏ် စသော ဂုဏ်ပေါင်း မြောက်များစွာ ရှိသော ဂုဏ်ရှိသူ ၏ စကား ကို ရေးသား တင်ပြပေပါမည်။
ကိံ သုယာဝ ဇရာ သာဓု ၊ ကိံသု သာဓု ပတိဌိတံ ၊ ကိံ သု နရာနံ ရတနံ ကိံ သုစောရေဟိ ဒူဟရံ။
( သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ် ပါဠိတော် ဒေ၀တာ သံယုတ် ဇရာဝဂ် ဇရာ သုတ်)
နတ်သားတစ်ယောက်သည် ထိုဂါထာတော်ကို ည သန်းခေါင်ယံ အချိန် ဇေတ၀န် ရွှေကျောင်းတော်သို့ 
ရောက်လာပြီး လျှောက်ထားသတဲ့.၊ 
၁။ မြတ်စွာဘုရား အဘယ်တရားတော်သည် အို သည့်ကာလ တိုင်အောင် ကောင်းမြတ်ပါသလဲ ဘုရား
၂။မြတ်စွာဘုရား အဘယ်တရားသည် မိမိ တို့ ၏ သန္တာန် ၌ အမြဲတည်ရှိနေလျှင် ကောင်းမြတ်ပါသလဲ ဘုရား
၃။မြတ်စွာဘုရားအဘယ်တရားကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ဖြစ်ရာဘ၀ အောက်မကျ  နိုင်သလို အားကိုး
အားထား ပြုလောက်စရာ ရတနာမျိုး က အဘယ်ရတနာ ဖြစ်ပါသလဲ ဘုရား
၎။ မြတ်စွာဘုရား သူခိုး မခိုးနိုင်သော အရာရှိပါသလား ဘုရား ဟု  မြတ်စွာဘုရား ကို မေးမြန်းလျှောက်
တော်မူသတဲ့။    ထိုအခါ ဘုရား က 
သီလံ ယာဝ ဇရာ သာဓု သဒ္ဓါ သာဓု ပတိဌိတာ ပညာ နရာနံ ရတနံ ပုညံ စောရေဟိ ဒူဟရံ။ ဟု ဖြေကြားတော်မူသည်။  မြတ်စွာ ဘုရား က
  ( ၁)။ အိုသည့်တိုင်အောင် ကောင်းသော တရား သည် သီလ တရား (ကိုယ်ကျင့်တရား)
ဖြစ်ပါသည် ဟု မိန့်တော်မူသည်။( သီလံ ယာဝ ဇရာ သာဓု)
လောက တွင် တချို့က ပစ္စည်းဥစ္စာ အလွန်ချမ်းသာသည်၊ တချို့ မှာ ချမ်းသာသည်လဲ မဟုတ် ဆင်းရဲ
သည် လဲ မဟုတ် ၊ တချို့ မှာမူ အလွန် ဆင်းရဲမွဲတေနေကြသည်၊  ချမ်းသာသော သူဖြစ်ဖြစ်၊ ဆင်းရဲသူ
ဖြစ်ဖြစ် ကိုယ်ကျင့်တရား မကောင်းလျှင် လူ ချမ်းသာတစ်ယောက်မှာရှိသော စည်စိမ်းဥစ္စာ တို့ နှင့် ခန္ဓာ
ကိုယ်ကို အလှဆင်သော်လဲ မတင့်တယ်နိုင်ပေ၊ သီလ ဆိုသော ကိုယ်ကျင့်တရား သည် ပစ္စည်းဥစ္စာမရှိသော
ဆင်းရဲသူဆင်းရဲသားတို့၏ ရင်ထဲ၌သီလ ဟုဆိုသောကိုယ်ကျင့်တရား ကိန်းအောင် နေပါမူထို ကိုယ်ကျင့်
 တရားကြောင့် ဆင်းရဲ သား သည် ချမ်းသာသူ ထက် ပို၍ တင့်တယ် ပေသည်။  ပစ္စည်းဥစ္စာ မည်၍ မည်မျှ 
ချမ်းသာနေစေကာမူ ကိုယ်ကျင့်တရားမကောင်းလျှင် အရိုအသေ မခံရနိုင်၊  ထို ပုဂ္ဂိုလ်၏ ကိုယ်ကျင့်တရား
ကို သိသော သူတို့က မရိုသေကြပေ၊ သို့သော် ရှေ့၌ ရိုသေပြ၍ နောက်ကွယ် ၌ အပြစ်မြင်ကြ ကာ ကဲ့ရဲ့ 
ပြစ်တင်တတ်ကြပေသည်။  သီလ ဆိုသော ကိုယ်ကျင့်တရားသည် ချမ်းသာသူဖြစ်ဖြစ်၊၊ ဆင်းရဲသူဖြစ်ဖြစ် ၊
အသက်ကြီးသူ ဖြစ်ဖြစ်၊ အသက်ငယ်သူ ဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားရှိလျှင် ငယ်သည် ကြီးသည် မရှိ၊ အရိုအ
သေ ခံရတတ်ပေသည်။ အသက်ကြီးလျှင်ကြီးသည့် အလျှောက်၊  ငယ်လျှင်လဲ ငယ်သည် အလျှောက် လူတို့
၏ ချီးမွမ်းခြင်းကို ခံရနိုင်ပေသည်၊သို့အတွက်ကြောင့် မြတ်စွာဘုရားသည် ငယ်သော အရွယ်၌ ဖြစ်ဖြစ် ၊
အရွယ် အလတ်ပိုင်းလောက် ၌ ဖြစ်ဖြစ် အသက်ကြီးတဲ့ အရွယ်၌ပဲ ဖြစ်ဖြစ် ကိုယ်ကျင့်သီလ ရှိမည်ဆိုလျှင်
ထို ပုဂ္ဂိုလ်သည်  တင့်တယ်နိုင်ပေတော့သည်။ သို့အတွက်ကြောင့် အို သည့် ကာလ တိုင်အောင် ကောင်း
မြတ်သော တရားသည် ကိုယ်ကျင့်တရား ( သီလ) ဖြစ်ပေတော့သည်။
(၂)။ အို နတ်သား လူတိုင်းလူတိုင်း၏ စိတ်ထဲ နှလုံးသားထဲ ၌ အမြဲတည်ရှိနေလျှင် ကောင်းမြတ်သော တရား
သည် သဒ္ဓါတရား ဖြစ်ပါသည် ဟု ဖြေတော်မူသည်။  သဒ္ဓါတရား ဟူသည် ရတနာသုံးပါးနှင့် ကံ နှင့် ကံ ၏
အကျိုးတရား  ထို ငါး ပါး တို့ကို ယုံကြည်ခြင်း ဖြစ်ပေသည်၊ ဘုရား တရား သံဃာ ရတနာသုံး တို့၏ အပေါ်
၌ ယုံကြည်နေ ရုံမျှ ဖြင့် မပြီးသေးပေ၊ ကံ နှင့် ကံ ၏ အကျိုးတရား အပေါ် ၌လည်း ယုံကြည်ရပေလိမ့်မည်။
ထို ငါးမျိုး မှ လွဲ၍ တခြား သော  ပုဂ္ဂိုလ် တို့ အပေါ်၌  ယုံကြည်နေကြခြင်းသည် သဒ္ဓါတရား မဟုတ်ပေ။
ထိုကြောင့် မိမိ တို့၏ သန္တာန်၌ အမြဲ တည်ရှိနေလျှင် ကောင်းမြတ်သောတရားသည် သဒ္ဓါတရား ဖြစ်ပေ
တော့သည်။
(၃)။အို နတ်သား လူတိုင်း လူတိုင်း တကယ်နှစ်သက်ပြီး အားကိုးအားထား ပြုစရာ ကောင်းသော တရား
သည် ပညာ နရာနံ ရတနံ ဟု ငါဘုရား မိန့်ဆိုတော်မူ သည့်အတိုင်း ပညာ တရား ဖြစ်ပေသည် ဟုဖြေတော်
မူသည်။ လောက ၌ လူတို့သည် အသိပညာ နှင့်ပြည့်စုံလျှင် ဖြစ်တည်ရာ ဘ၀၌ အကြောင်းတရား အမျိုးမျိုး
တို့ကို ကောင်းမွန်စွာ ခွဲခြမ်း သိမြင်နိုင်ကြမည် ဖြစ်သလို မိမိ တို့၏ ဖြစ်ရာဘ၀၌လည်း ဘယ်သော်အခါမှ
အောက်တန်း နောက်တန်း မကျ နိုင်သလို အားငယ်နေစရာလဲ မလိုတော့ပေ။ သို့သော် ပညာ ဟူသည်
လောက ၌ ရှိသော အသိပညာ၊ အတတ်ပညာ နှစ်မျိုး ရှိလေရာ ထို နှစ်မျိုးတွင် အတတ်ပညာ နှင့် ပတ်သတ်
၍ နေ ထိုင် စား သောက် မှုတို့ကို ပြုလုပ် ဖန်တီ ပေးတတ်သော အတတ်ပညာရပ်တို့ကို ကျေးဇူးရှင်
လယ်တီ ဆရာတော်ဘုရားကြီး က ပညာ မဟုတ်ဘူး သညာ ဖြစ်ပေတယ်လို့ မိန့်တော်မူ ထားသတဲ့။

လယ်တီဆရာတော်ဘုရားကြီး၏ အလိုဆန္ဒ အရ မူ ထို ၀ိပဿနာပညာနှင့် ပြည့်စုံဖို့ ရန် အင်္ဂါ လေးချက်
လိုအပ်ပေသည်။
၁။ ရုပ်နာမ် ဓမ္မ သင်္ခါရ တရားတို့၏ ၀ိညာဉ် နာမ်ရုပ်  ၊ တစ်နည်း ဆိုရသော် စိတ်စေတသိက် ရုပ် ဟုခေါ်ဆို
သော ထိုခန္ဓာ ၏ဖြစ်ခြင်း ပျက်ခြင်း တို့ကို ခွဲခြမ်းသိမြင်သော ပညာ။
၂။  ကာမစ္ဆန္ဒ ၊ ဗျာပါဒ ၊ ထိန မိဒ္ဓ ၊ ဥဒ္ဓစ္စ ၊ကုက္ကုစ္စ ၊၀ိစိကိစ္ဆာ ဟု ခေါ်သော ကိလေသာ အညစ်အကြေး တို့ မှ
ကင်းဝေးစင်ကြယ်နေသော ပညာ။ကာမစ္ဆန္ဒ-ကာမဂုဏ်ကို  လိုချင်နှစ်သက်တတ်မက်မှု တဏှာ၊
ဗျာပါဒ-အမျက်ဒေါသ ၊ ကုက္ကုစ္စ ပူပန်ခြင်းသဘော။ ထို တရားသုံးမျိုးသည် အနာဂါမ် အဆင့်ရောက်မှ
ပယ်သတ်သည်။ ထိန မိဒ္ဓ- ငိုက်မျဉ်း ထိုင်းမှိုင်းခြင်း သဘော။ ထိုတရားသည် ရဟန္တာ ဖြစ်မှ ပယ်သတ်နိုင်
သည်။  ဥဒ္ဓစ္စ -ပျံ့ လွင့် ခြင်းသဘော ။ ထိုတရား သည် အရဟတ္တမဂ်ဖြင့် ပယ်သတ်နိုင်ပေသည်။
၃။ လောဘ ဒေါသ မောဟ  တည်းဟူသော သက္ကာယဒိဌိ ကို  ဖြိုခွဲ ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော ပညာ။
၎။ကိလေသာ ခန္ဓာ တရားတို့ မရှိသော အသင်္ခတဓာတ် နိဗ္ဗာန်ချမ်းသာမြတ် သို့ ဖြူဖြူ ဖြောင့်ဖြောင့်
ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် လွယ်လွယ်ကူကူ ရောက်စေနိုင်သော ပညာ။
ထို အင်္ဂါလေး မျိုးနှင့် ပြည့်စုံသော ပညာ ကို ၀ိပဿနာပညာဟု လယ်တီဆရာတော်ဘုရား မိန့်ဆိုတော်မူ
လေသည်။
ဝိပဿနာ ဉာဏံ သာသန သ္မိံ ယေ၀။( ဥပရိပဏ္ဏာသ အဌကထာ)
ဝိပဿနာဉာဏံ -၀ိပဿနာပညာဉာဏ်သည် ၊သာသန သ္မိံယေ၀- သာသနာတော်တွင်း၌သာလျှင်၊
အတ္ထိ ရှိနိုင်ပေ၏။  ထိုကြောင့် ၀ိပဿနာပညာသည် သာသနာတော်တွင်း၌သာ ရှိနိုင်သော ပညာ၊
သာသနာတော်၏ ပစ္စည်း ဖြစ်ပေတော့သည်။ မိမိ တို့ အားလုံးသည် သာသနာ့ အမွေကို ခံယူချင်ကြသူများ
ပီပီ ထို ၀ိပဿနာပညာကို  ရအောင်ယူထားနိုင်မှသာ ဘုရားရှင်၏ အမွေ ပစ္စည်း ကို ရ၍ အမွေ ခံထိုက်သူ
ဖြစ်ပေလိမ့်မည်။ ဘုရားရှင်၏ တန်ဖိုး ကြီးသော ထို အမွေပစ္စည်း သည် သံသရာမှ လည်းကောင်း
ကိလေသာ အပူမီး မှ လည်းကောင် ကုန်ခမ်းအောင် လုပ်နိုင်သော ပညာမျိုး ဖြစ်ပေသည်။
ယနေ့ ခေတ် ကာလ၌ သိပ္ပံ ပညာ တို့ ထွန်းကား လျက်ရှိနေသည်၊ စက်မှုပညာ တိုးတက်လာမှုကြောင့်
လူ နေမှုအဆင့်အတန်းလည်း မြှင့်တတ်လာ၍ အသုံးအဆောင် ပစ္စည်း တို့ သည်လည်း ခေတ်ကာလ
အလျှောက် တဆင့်ထက်တဆင့် တစ်နှစ်ထက်တစ်နှစ် ပို ၍ အဆင့်အတန်းမြှင့်လာခဲ့ပေသည်။
ထို သိပ္ပံပညာရပ်တို့ကြောင့်မိမိ တို့သည် သွားလိုရာ အရပ်သို့  မိနစ် ပိုင်း နာရီ ပိုင်း အတွင်း ရောက်အောင်
သွားနိုင်သလို လ ကမ္ဘာသို့ လည်း သွားရောက်နေထိုင် နိုင်ကြပေသည်။
သို့သော် ယင်း သိပ္ပံ ပညာရပ်ထွန်းကား ၍ လူတို့အားလုံး  လ ကမ္ဘာ သို့ သွားနိုင်ကြသော်လဲ ထို သွားနိုင်ကြ
သော ပုဂ္ဂိုလ် တို့သည်  ၀ိပဿနာ ပညာနှင့် မပြည့်စုံသဖြင့် ခန္ဓာ ပျက်ဆီး၍ သေဆုံးသော် သံသရာ ဆင်းရဲ
ဒုက္ခ နှင့် တွေ့ကြုံရနိုင်သေးသည်။ ၀ိပဿနာ ပညာ ကား ထိုကဲ့သို့ မဟုတ်ပေ သံသရာဝဋ်ဆင်းရဲမှ အဟုတ်
တကယ် လွတ်မြောက်နိုင်သော ပညာမျိုး ဖြစ်သည့်အတွက် ထို ၀ိပဿနာပညာမျိုး ရအောင် မိမိတို့
အားလုံး ကြိုးစား အားထုတ်ကြရပေလိမ့်မည်။ ထို ကြောင့် မြတ်စွာဘုရားရှင်သည် လောက ၌ ပညာရတနာ
သည်သာလျှင် အကောင်းဆုံး အမြတ်ဆုံးဖြစ်ပေတော့သည် ဟု ဖြေတော်မူခဲ့လေသည်။
၎။ နတ်သားက မြတ်စွာ ဘုရား လောက ၌ သူခိုး ဓားပြ တို့ မခိုးနိုင် မယူနိုင်သော ဥစ္စာပစ္စည်း တို့ကိုလည်း
ဟောကြားတော်မူပါဦး ဟု ဆိုသဖြင့် ဆက်လက် ဟောတော်မူပေသည်။
အို နတ်သား လောက ၌ မခိုးနိုင်မယူနိုင်သော ဥစ္စာသည် ပုညံ စောရေ ဟိ ဒူဟရံ ၊ ဟု ဆိုသည့်အတိုင်း ထို
သူခိုး ဓားပြတို့သည် ဒါန သီလ ဘာဝနာ ပေါင်းစု  ကောင်းမှု စေတနာ တို့ကို မခိုးနိုင်မယူနိုင်ကြပေ။
သူခိုးခိုးခြင်းဟူသည်မှာ       ရုပ်ဝတ္တုပစ္စည်းတို့ကိုသာလျှင်ခိုးယူ နိုင်ကြပေလိမ့်မည်၊စိတ်ကြာင့်ဖြစ်ပေါ်လာ သောကိုကုသိုလ်စေတနာ ခိုးယူဖို့ မတက်နိုင်ပေ၊ ထို ကုသိုလ်စေတနာသည် နာမ်တရားဖြစ်သော ကြောင့်
သူခိုး ခိုးခံရမည် ရန်မှလည်း ကြောက်စရာမလိုတော့ပေ ၊ မိမိ တို့ ကျောင်း၌ လည်းကောင်း အိမ် ၌ လည်း
ကောင်း တည်ရှိသော ရွှေ ငွေ ပစ္စည်း တို့ကို သူခိုး ခိုးမည်ဆိုလျှင် ခိုး၍ ရနိုင်သေးသည်။
မိမိ တို့  ပြုလုပ်ထားအပ်သော ဒါန သီလ ဘာဝနာ ကုသိုလ်
ကောင်းမှု စေတနာ တို့ကို သူခိုး ခိုးယူလို့ မရနိုင်ပေ။  ထိုကြောင့် လောက၌ သူခိုး မခိုးနိုင်သော  ဥစ္စာသည်
ကုသိုလ်ကောင်းမှု ဟု ဆိုအပ်သော ဒါန သီလ ဘာဝနာ တို့ ဖြစ်ပေတော့သည်။
လူသားအားလုံး လိုက်နာကျင့်သုံးနိုင်ကြပါစေသော်..။
အရှင်နန္ဒမဉ္ဇူ ရေးသားတင်ပြသည်။