နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Tuesday 21 February 2012

အဖေ့ အတွက် ရင်တွင်းဖြစ်သားတစ်ယောက်

             ပိုစ့် တစ်ခုတင်မယ်လို့ တွေ့လိုက်မိတိုင်း စိတ်ထဲမှာ ဘာမှပေါ်မလားသလို ဘာမှလဲ ရေးစရာမရှိ
ဖြစ်နေတတ်တာ အမြဲ ပါပဲ။ တရား ဆောင်ပါးရေးတာမျိုး၊ ကိုယ့်ရဲ့ ရင်တွင်းဖြစ်တွေ ၊ အတွေ့ အကြုံ တွေ
ရေးကြတာ အတော်လေး ကောင်းကြပါတယ်။ သူတို့လေးတွေကို အမြဲ ချီးကျူးနေမိ လေးစားနေမိပါတယ်
 စာအရေးအသားတွေက စာရေးဆရာတစ်ယောက် ကဲ့သို့ ပညာရှိစာပေ အသိုင်းအ၀ိုင်းမှ လေးစားပြီး
လက်ခံနိုင်လောက်တဲ့ ရေးသားချက်တွေ ဖော်ပြချက် တွေကို အတုယူ လေ့လာနေမိပါတယ်။
        လွန်ခဲ့သော ၂၇ ရက်၊ ၁၂ လ၊ ၂၀၁၁ ခုနှစ်က  ညတစ်ညမှာ အိမ်မက်ဆိုး တစ်ခု မြင်မက်ခဲ့ရ
ပါတယ်၊ အလားတူ ထိုအိမ်မက်မျိုးကို သုံးကြိမ် တိုင်တိုင် မြင်မက်ခဲ့ရသောကြောင့် စိုးရိမ်ပူပန်မိခဲ့ပါတယ်။
အိမ်မက်ထဲ မှာ အမေ က ထိုင်ပြီးငိုနေတာပါ၊ မနက်ပိုင်းလေးနာရီလောက်မှာ ထိုအိမ်မက်ကို သုံးကြိမ် မြင်
မက်ခဲ့ပါတယ်။   လူတိုင်းလူတိုင်း မှာ မိဘ နှစ်ပါး ဆိုတဲ့ မိခင် ဖခင် တို့ရဲ့ ကျွေးမွေးစောင့်ရှောက်မှု ဖြင့်
ကြီးပြင်းလာခဲ့ကြတဲ့သူတွေချည်းဆိုတော့ မိဘ နှစ်ပါး အပေါ်မှာ သားသ္မီးတွေရဲ့ သံယောဇဉ် ပမာဏ ကို
တွေးကြည့်လိုက်ရင်အားလုံး  ကိုယ်ချင်းစာတတ်ကြ နားလည်တတ်ကြ ပါတယ်။ ထို မိခင် ဖခင် နှစ်ပါး
ရဲ့ ကျွေးမွေး စောင့်ရှောက်မှုကြောင့် လူ့ ဘ၀ ကို ရောက်လာခဲ့ကြတာပါ။ တချို့မှာ မိခင် ရှိပြီး ဖခင် မရှိ
ကြတော့ပေ။ တချို့မှာ ဖခင် ရှိပြီး မိခင် မရှိကြ။ တချို့လဲ မိဘ နှစ်ပါးလုံး မရှိကြတော့။ တချို့က မိဘ
နှစ်ပါးလုံး ပြည့်ပြည့်စုံစုံ နဲ့ ရှိနေသေးလို့ ၀မ်းသာစရာကောင်းသလို ကျေးဇူးဆပ်ခွင့် လဲ ရှိနေပြန်ပါတယ်။
         ငယ်ငယ်က ကလေး ဘ၀ကို ပြန်တွေးမိတိုင်း မိခင် ဖခင်ရဲ့ ကြင်နာယုယမှု ကျွေးမွေး စောင့်ရှောက်
မှုတွေကို ပြန်တွေးမိရင် မျက်ရည်ဝိုင်းနေမိပါတယ်။ မနက်မိုးလင်းရင် အမေက မနေ့က ကျန်နေတဲ့ ထမင်း
ကြမ်းကို ပဲပြုတ် နဲ့ ကြော်ပြီး အဖေ အလုပ်မသွားခင် အဖေ့ကိုလဲ ကျွေး ၊သားသ္မီးတွေလဲ စားကြရပါတယ် ။
အဖေက အလုပ်သွား ပြီး သားသ္မီးတွေ ကျောင်းတတ်ကြရပါတယ်၊အမေ ကတော့ အိမ်မှာအိမ်မှုကိစ္စတွေနဲ့
နပန်းလုံး ပြီးကျန်နေခဲ့ ရပါတယ်။ အခု တော့ အမေ့ရဲ့ ထမင်းကြော် နဲ့ ကျောင်းသွားရင် အဖေ ပေးတဲ့ မုန့်ဖိုးလေးကိုလွမ်းနေမိပါတော့တယ်။ အဖေ ကဒေါသ သိပ်ကြီးပါတယ်၊ သားသ္မီးတွေကို ခဏခဏ ရိုက်ပါ
တယ်၊ ငယ်ငယ်က အဖေ့ကို မုန်းပါတယ်၊မချစ်ပါဘူး၊ အခုချိန်မှာတော့ အဖေ့ ရိုက်ပါ ဆူပါ လို့ ပြောသော်လဲ
အဖေ မရိုက်နိုင် မဆူ နိုင်တော့ပါဘူး ၊အဖေ့ရဲ့ ပြောဆို ဆုံးမ ခဲ့တာတွေကို ဘယ်သော်အခါမှ မမေ့နိုင်တော့
ပါဘူး ။ကျေးဇူးရှင် အဖေ့ အပေါ်မှာ အမှားတစ်စုံတစ်ရာ ပြုလုပ်ခဲ့မိလျှင် ၀န်ချ တောင်းပန်ကန့်တော့ပါတယ်။
                ဒီလိုနဲ့ အိမ်မက်သုံးကြိမ်မက်ပြီး စိုးရိမ်ပူပန်စိတ်တွေနဲ့အတူ အိမ်ကို ဖုန်းဆက်ကြည့်တဲ့အခါ
ကြားရတဲ့သတင်းက အဖေ မရှိတော့ဘူး တဲ့။ ၂၅ ရက်နေ့က ကွယ်လွန်သွားရှာပြီတဲ့ ။ ဖုန်းထဲမှာ ကြား
လိုက်ရတဲ့အသံက အမေ့အသံ ၊ အမေ့ နဲ့ ဖုန်းပြောတဲ့အခါ စကားလုံးတွေမကုန်နိုင်အောင် အမျိုးမျိုး အမေ
စိတ်ချမ်းသာအောင်ပြောတတ်တဲ့ သားတစ်ယောက်၊ အဖေ ဆုံးပြီးဆိုတဲ့ သတင်းကြားလိုက်ရတာနဲ့လက်က
ဖုန်းကိုကိုင်လျှက်အမေ့ကို ပြန်ပြောစရာ စကားလုံးတွေမရှိတော့ ၊စကားလုံးတွေ ဘယ်ရောက်ကုန်သလဲဆို
တာ မသိတော့၊ရင်ထဲမှာ ဆို့တက်လာတဲ့ ခံစားမှုတစ်ခုနဲ့အတူ ပြောစရာ စကားလုံး ရှာမရခဲ့ ၊ ၁၅ မီနစ်
လောက် ကြာတော့ အမေ့လဲ ဖုန်းချသွားတယ်။ 
       ၂ တန်း ကျောင်းသား ဘ၀ က အမေ ပြောခဲ့တဲ့ စကားကို ပြန်၍ သတိရမိတယ် ၊ " သား တို့ အဖေက 
သား တို့ အတွက် ပိုက်ဆံရှာနေရတာတဲ့  "အဖေ့ အကြောင်းကို တွေးလိုက်မိတိုင်း မျက်ရည်ပေါက်ကြီးငယ်
ကျခဲ့ရပါတယ် ၊ အဖေ့ အတွက် ရည်စူးပြီး သံဃာတော်တွေကို( ၂ . ၁ . ၂၀၁၂  )တနင်္ဂနွေနေ့က ဆွမ်းကပ်
ပါတယ်။ အဖေ့ ကို ရည်စူးပြီး အမျှပေးခဲ့ပါတယ်၊ အဖေ့ ကို အမျှ ပေးဝေစဉ်က သား က မျက်နှာ
လွှာပြီ နေခဲ့မိပါတယ် ၊ ခံစားချက် နှလုံးသား မရှိလို့ မဟုတ်ပါဘူး     ၊ သံဃာ့ပရိသတ်ရှေ့ မှာ မခံစားနိုင်
ခဲ့လို့ပါ၊ အခု တော့အဖေ့ကို ကျေးဇူး မဆပ်လိုက်ရတဲ့ တစ်သက်စာ နောင်တ နဲ့ အတူ ဒီ ဆောင်ပါးလေး နဲ့ 
ကျေးဇူးဆပ်ခွင့်ပြု ပါ အဖေ။      
          အခု ရေးသားမယ့်ဆောင်ပါးလေးက မိဘ နှစ်ပါး ရဲ့ကျေးဇူးကို ကုန်အောင် ဘယ်လိုဆပ်မလဲ၊ မိဘ 
ကျေးဇူး ကုန်အောင် ဆပ်တဲ့ နည်းလမ်းလေးကို တင်ပြပေးမှာ ဖြစ်ပါတယ်၊ အဲတော့ လောက မှာ ကျေးဇူး
တွေ များလို့ ကုန်အောင် မဆပ်နိုင်တဲ့ ပုဂ္ဂိုလ် ၂ ပါးရှိတယ် တဲ့၊ အဲဒီ ပုဂ္ဂိုလ် နှစ်ပါးက အမေနဲ့ အဖေ တို့ ပဲ
ဖြစ်ပါတယ် ၊ မြတ်စွာ ဘုရားက ချစ်သား ချစ်သ္မီးတို့  မိဘ ကျေးဇူးကို ကုန်အောင် ဆပ်နိုင်တဲ့နည်းလမ်းကို
ငါ ဘုရား ဟောတော်မူမယ်။ 
        ၁။ သဒ္ဓါတရား မရှိတဲ့ မိဘ ကို သဒ္ဓါတရားရှိလာအောင် ပြုလုပ်ပေးရမယ်၊
        ၂။ သီလ မရှိတဲ့ မိဘကို သီလ နဲ့ ပြည့်စုံအောင် ...
        ၃။မပေးရက် မလှူရက် နှမြောဝန်တို တဲ့ မိဘ ကို စွန့်ကြဲ ပေးကမ်း လှူဒါန်းချင်လာအောင် .....
        ၄။ဝိပဿနာ ပညာမရှိတဲ့မိဘကို ၀ိပဿနာ ပညာနဲ့ ပြည့်စုံလာအောင် ပြုလုပ်ပေးရမယ်။ ဒီလေးပါး
နဲ့ မိဘတွေ ပြည့်စုံလာအောင် သားသ္မီးတွေက ပြုလုပ်ပေးနိုင်တယ်ဆိုရင် မိဘ ကျေးဇူး ကို ကျေအောင် ဆပ်
နိုင်တယ်လို့ ဘုရားရှင် လမ်းညွန်တော်မူပါတယ်၊
          ဒီတရားလေးပါးကို လူတိုင်းလိုလို သိရှိကြပြီးသား လို့ ထင်ပါတယ် ၊ တချို့ သိသော်လဲ မေ့မေ့လျော့
လျော့နေတတ်ကြပါတယ်၊ တချို့လဲ မသိကြသေးပါဘူး  အခု ဒီတရားကို ဖတ်ပြီး မိဘ ကျေးဇူး ကျေအောင်
ဆပ်ချင်ကြသူတွေအတွက် ပီတိ တွေဖြစ်မယ်၊ မိဘ အကြွေး တင်နေသူတွေ အတွက်လဲ အင်အားတွေ တိုး
ပွားလာမယ်၊ မိဘ ကို ကျွေးမွေးတာက ဒီ ဘ၀ တစ်ခု တည်းအတွက် ပဲ ဖြစ်ပါတယ်၊ သဒ္ဓါတရား မရှိတဲ့ မိဘ
ကို သဒ္ဓါတရားရှိလာအောင်လုပ်ပေးတာက သံသရာတစ်လျှောက်လုံးအတွက်ဖြစ်ပါတယ် ထိုအတူ သီလ မရှိ
တဲ့မိဘ ကို သီလ ရှိလာအောင်၊၊ စွန့်ကြဲ ပေးကမ်းခြင်း မရှိတဲ့မိဘ ကို ပေးကမ်းစွန့်ကြဲချင်လာအောင်လှူဒါန်း
ချင်လာအောင်၊ ၀ိပဿနာ ပညာ မရှိတဲ့ မိဘ ကို ၀ိပဿနာ ပညာရှိလာအောင်၊  ပြုလုပ်ပေးနိုင်မယ်ဆိုရင် 
ဘ၀ သံသရာတစ်လျှောက်လုံး မိဘ တွေအတွက် အကျိုးကျေးဇူးများမှာ ဖြစ်ပါတယ်။
             နောက်ဆုံးအနေနဲ့ ပြောချင်တာက မိဘတွေကြောင့် သားသ္မီးတွေ ဖြစ်လာခဲ့ရတာပါ၊  မိဘ မရှိ
ခဲ့ရင် သားသ္မီး ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ရယူလို စိတ် မရှိဘဲ ပေးဆပ်မှုသက်သက်နဲ့သာ   မေတ္တာ
အရင်းခံဖြင့် ပြုစုပျိုးထောင်ပေးခဲ့သူများ ဖြစ်ပါတယ်။ မိဘ တွေ အလှည့်ပြီးတော့ သားသ္မီးတွေဘက်ကလဲ
ကျေးဇူး တုန်ပြန်သောအားဖြင့် ပြန်လည် ကျွေးမွေး စောင့်ရှောက်ပေးကြရပါမယ်။
         သားသ္မီး အားလုံး မိဘ ကျေးဇူး ကျေအောင် ဆပ်နိုင်ကြပါစေ..။

                                           " ခိုးကိုးရာ "
                        ကဲ့ရဲ့ပြစ်တင်        ပတ်ဝန်းကျင်က
                        ငြိုငြင်စောင်းမြောင်း မကောင်းသတင်း
                        ပြောဆိုခြင်းလည်း   အလျင်းမမှု
                        ပြုကြပါစေ.....
                        ငါ့မှာ အမေ ရှိသေးတယ်..။
                        ရှစ်ခွင်မိုးမှောင် လျှပ်ရောင်မိုးချူန်း
                        အုံးအုံးကြွက်ကြွက် မိုးယံထက်မှ
                        ကြောက်မက်ဖွယ်ရာ တွေ့ကြုံလာလည်း
                        နေရဲတယ်လေ....
                       ငါ့မှာ အမေရှိသေးတယ်..။
                        ဪ..ဆင်းရဲ ဒုက္ခ
                        ကြုံသမျှတွေ ပူမှုပွေလည်း
                       အမေ့ ရင်ခွင် တိုးခွေ့ဝင်တော့
                       အကြင်နာလက်ဖြင့် အမေ ဖက်သည်
                       ပြေးထွက်ကြောက်စိတ် မြူ အရိပ်မျှ
                        ပုံရိပ်မထင် ငါ့ရင်ပြင်မှာ...
                        ကြည်လင်အေးမြလှတကား...။

                                 ရေးသားတင်ပြသူ အရှင်နန္ဒမဉ္ဇူ