နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဒဿ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာနိုင်ပါစေ။ မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ။ မေတ္တာရေချမ်း ကိုယ်စီဖြန်း အေးချမ်းနိုင်ပါစေ။ ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးနိုင်ပါစေ။ ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ

Pages

Sunday 18 March 2012

တန်ဖိုး မဖြတ်နိုင်သော ကျေးဇူး


လောက ၌ သတ္တ၀ါ  မှန်သမျှသည် ကျေးဇူးနှင့် ကင်းကွာ၍  မဖြစ်နိုင်သလို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏
အောင်မြင်ကျော်ကြားမှုသည်လည်း ကျေးဇူး တရားနှင့် မကင်းနိုင်ပေ။ သို့အတွက်ကြောင့် လူသားတိုင်း
၌ ကျေးဇူးတရားသည် တစ်ဦးပေါ် တစ်ဦး တစ်ယောက်ပေါ်တစ်ယောက် အသီးသီး ရှိကြလေသည်။


တစ်လုပ်စားဖူး သူ့ ကျေးဇူး ဆိုသော စကားကဲ့သို့ အနည်းငယ်မျှသော ကျေးဇူး တရားကိုပင် မိမိ တို့ အနေ
နှင့် မမေ့သင့်ပေ။ အဘယ်ပုဂ္ဂိုလ်သည်  အဘယ်မျှကျေးဇူးတရားရှိသည် ဘယ်လောက်ကျေးဇူးတရားရှိ
သည် ဟူ၍ ကျေးဇူးတရား တို့ကို တန်ဖိုးမဖြတ်သင့် ၊ ရုပ်ဝတ္တု ပစ္စည်းတို့ကို တန်ဖိုး ဖြတ်နိုင်သော်လည်း
တစ်ဦးတစ်ယောက် အပေါ်၌ ပြုကျင့်တတ်သော ရိုင်းပင်ကူညီတတ်သော စေတနာ စိတ်ကောင်းလေး
များကို တန်ဖိုး မဖြတ်ကောင်းပေ။  အနည်းငယ်မျှသော ကျေးဇူးတို့ကို ပင် တန်ဖိုး မဖြတ်နိုင် တန်ဖိုးမဖြတ်
သင့်သော ကြောင့်  ဆောင်ပါး ၏ အမည်ကိုလည်း တန်ဖိုး မဖြတ်နိုင်သော ကျေးဇူး  ဟု နာမည်
ပေးလိုက်မိတော့သည်။ ထို တန်ဖိုး မဖြတ်နိုင်သော ကျေးဇူး ဟူသော ဆောင်ပါး သည်  မိမိတို့ အတွက်
သိထားသင့် လိုက်နာသင့် ကျင့်သုံးသင့် သော တန်ဖိုး ရှိ ဆောင်ပါး တစ်ပုဒ်ဖြစ်ပေသည်။တစ်ခါတရံ ၌ သာ
လိုက်နာသင့် ကျင့်သုံးသင့် သော ဆောင်ပါး တစ်ပုဒ် မဟုတ်၊ နေ့စဉ် နေ့တိုင်း လိုက်နာသင့် ကျင့်သုံးသင့်
သော ဆောင်ပါး တစ်ပုဒ် ဖြစ်ပေသည်။
( ဥပမာ ) မိမိတို့ အသုံးပြုမည့် ပစ္စည်းတို့ကို ၀ယ်ယူ သုံးစွဲသော အခါ ရေရှည်ခံမည့် အရည်အသွေး ကောင်း
သော ပစ္စည်းမျိုးကိုသာ ၀ယ်ယူသုံးစွဲ သင့်ပေသည်၊ ထိုအတူ ဤဆောင်ပါးသည်လည်း ရေရှည်ကျင့်သုံး
သင့် လိုက်နာသင့်သော ဆောင်ပါး တစ်ပုဒ် ဖြစ်ပေသည်။ ထို ဆောင်ပါး နှင့် ပတ်သတ်၍ မိမိ တို့ ကလေး
ဘ၀ က ဆော့ကစား သောအခါ စကားထာဝှက် သော ပဟေဠိဆန်ဆန် စကားတစ်ခု ကို အမှတ်ရမိလေ
သည်။
တစ်နေ့ လက်ခုပ်သုံးချက်တီး ပါတဲ့ ၊ အမှတ်တမဲ့ ကြည့်လျှင် တန်ဖိုး မဖြတ်နိုင်သော ကျေးဇူး နှင့်
တစ်နေ့လက်ခုပ်သုံးချက်တီး  ဆိုသည်မှာ ဘာမှ မဆိုင် လက်မခံနိုင်ပေ။ သို့သော် တစ်နေ့ လက်ခုပ်သုံး
ချက်တီး ဆိုသည်မှာ မိမိ တို့ လက်ခုပ်တီး သည့်အခါ လက်ဝါး နှစ်ဖက် ကို ပူးပြီး တော့ တီး ကြရပါသည်။
ထို ကဲ့သို့ လက်ဝါး နှစ်ဖက် ကို ပူးလိုက်သည့်အခါ၌  လက်အုပ်ချီ သလို မျိုး ဖြစ်သွားပေသည်။
ဆိုလိုသည့်သဘောမှာ တန်ဖိုး မဖြတ်နိုင်သော ကျေးဇူးရှင် ပုဂ္ဂိုလ်များကို တစ်နေ့ လက်အုပ် သုံးခါ ချီ လို့
ဆိုလိုပါသည်။  မိမိ တို့ အပေါ်  ၌ ထို  ကျေးဇူး ရှင် ပုဂ္ဂိုလ်များမှာ အလွန်များပြားလှပေသည်၊ ဤ နေရာ၌
စာရေးသူ တို့ ဆိုလို သည့် ကျေးဇူးရှင် ပုဂ္ဂိုလ်မှာ အဘယ်ပုဂ္ဂိုလ်နည်း ဟူမူ သတ္တ၀ါ မှန်သမျှတို့၏ အကျိုး
တရားတို့ကို မျှော်မှန်း လျှက် လောကီ ၌ ဘေးဘယာတွေပျောက် လောကုတ္တရာ၌လည်း အေး အမတ
ရောက်စေနိုင်သည့် သုံးလောက ထွဋ်ထား သဗ္ဗညုရှင်တော် မြတ်ဘုရား ပင် ဖြစ်ပေတော့သည်။
စာပေ ၌ ဗုဒ္ဓဂုဏော အနန္တော ဟု ဆိုသည့်အတိုင်း ဗုဒ္ဓဂုဏ်ကျေးဇူး တို့ကို တိုင်းတာ၍  မရနိုင်၊ တိုင်းတာ၍
မရနိုင်သော ဂုဏ်ကျေးဇူးတွေကြောင့်လည်း ဗုဒ္ဓဂုဏော အနန္တော ဟု ဆိုထိုက်လှပေသည်။ ထို ကြောင့်
 ကျေးဇူး ရှင် ဗုဒ္ဓ ကို တစ်နေ့ လက်အုပ် သုံးခါ ချီမိုး ရှစ်ခိုး ပူဇော်အပ်ပေသည်။
စကားတစ်ခွန်း မှတ်သားဖူးသည်၊ ဖြစ်ချင်တာတွေ ဖြစ်ဖို့ အတွက် လုပ်သင့်တာ က စပြီး လုပ်ရမယ် တဲ့၊
မိမိတို့ အားလုံး မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်ကြသည့်အားလျှော်စွာ မိမိ တို့ ဘာသာ စကားဖြင့်
ဆိုရလျှင်  မိမိ တို့ အနေနှင့် အဖြစ်ချင်ဆုံး ဆန္ဒမှာ နိဗ္ဗာန် အမြန်ဆုံး ရောက်ဖို့ အတွက် မဟုတ်ပါလား၊
ထို နိဗ္ဗာန် ရောက်ဖို့ အတွက် လုပ်သင့်တာလေး တွေက စပြီး လုပ်ကြရပေ မည်။ ဤကဲ့သို့ အခြေခံကျ
သော ဗုဒ္ဓ ကို ရှစ်ခိုး ပူဇော် မှုမျိုး  မလုပ်အားသေးသော ပုဂ္ဂိုလ်များ မှာ ဗုဒ္ဓ ၏ ကျေးဇူး နှင့် သတ္တ၀ါ များ
အတွက် လေးသင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့် ခဲ့ရသော ဗုဒ္ဓ ၏  ကြိုးစား အားထုတ်မှုတို့ကို 
 ဥပေက္ခာ ပြုရာရောက်သလို ကျေးဇူး တို့ကိုလည်း  နားမလည်ရာ ရောက်ပေလိမ့်မည်။
အခြေခံကျ သောအလုပ်ဟူသည်မှာ တစ်နေ့ သုံးကြိမ် ဘုရား ရှစ်ခိုးရမည် ကို ဆိုလိုခြင်း ဖြစ်ပေသည်။
သုံးကြိမ် မတတ်နိုင်လျှင် နှစ်ကြိမ် ၊ နှစ်ကြိမ် မတတ်နိုင်လျှင် တစ်ကြိမ် တော့ အနည်းဆုံး ရှစ်ခိုး ပူဇော်
သင့်ပေသည်။
ဗုဒ္ဓ ၏ ကျေးဇူးတရားသည်  အလွန်ကြီးမားလှပေသည်၊ အဘယ်မျှလောက် ကျေးဇူး ကြီးမားသနည်း ဟူမူ
ဘုရား တစ်ဆူ သည် ဘုရား တစ်ဆူ ၏ ဂုဏ်ကျေးဇူးတို့ကို တစ်ကမ္ဘာလုံး ထိုင်၍ ဟောသော်လဲ မကုန်
နိုင်ပေ၊ ဘုရား တစ်ဆူ ၏ ဂုဏ် ကျေးဇူး တို့ကို ဘုရားရှင်ကိုယ်တိုင်ပင် တခြား ဘာသာစကားကို မဆိုထား
နှင့် ချီးမွမ်း သော စကား ကိုပင် တစ်ကမ္ဘာလုံး ထိုင်ပြီး ဟောသော်လဲ  ကမ္ဘာသာကုန်ချင် ကုန်မည်၊
မြတ်စွာ ဘုရား ၏ ဂုဏ်ကျေးဇူး တော်သည် ချီးမွမ်း ၍ မကုန်နိုင်ပေ။
မိမိ တို့၏ ကိုယ်ပိုင် ဉာဏ် လက်တစ်ဆစ် လောက်နှင့်  ဘုရား ရှင်၏ ဉာဏ်တော် ဂုဏ်တော် ကျေးဇူး
တော်တို့ကို  အဘယ်ကဲ့သို့ ရေးသားတင်ပြ သော်လည်း ကုန်နိုင်ဖွယ် မရှိ၊
သို့သော်လည်း   ယုန် ကလေး တွေသည် သမုဒ္ဒရာထဲ ဆင်း ၍ ရေသောက်သောအခါ သူတို့၏
ခြေထောက် နှင့် မှီသလောက် သာ ဆင်း၍ သောက်ကြသလို မိမိ တို့ လဲ မိမိ တို့ ဉာဏ်မှီသလောက်ဖြင့်
ဘုရားရှင် ၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ရေးသားတင်ပြ အပ်ပေသည်။  
အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရား သည်  ဘုရားရှင် ၏ ကျေးဇူး ကြီး မား ပုံတို့ကို ကဗျာ တစ်ပုဒ်
ရေးသား ခဲ့ပေသည်။  
အကယ်၍သာ မြတ်ဘုရားသည် လူ့ရွာထင်ရှား မပွင့်ငြားက လူတော်အများ စိတ်ကောင်းထားလည်း
ဤကား ကုသိုလ် အကုသိုလ်နှင့် ထိုထို ဘုံဘ၀ မသိရ များလှ အပြစ်တွေ..။
ယခု ခါသော် မြတ်ဇိနော် သည် ပွင့်ပေါ်ထင်ရှား ဟောညွန်ကြား၍ ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထို ဘုံဘ၀ သိကြရ များလှကျေးဇူးပေ..။
ကျေးဇူးတော်ရှင် ဘုရားရှင်ကို  နေ့စဉ်မပြတ် ကျေးဇူးဆပ်ဖို့ အမြတ်ရတနာ သာသနာကို နှစ်ဖြာ
ဝန်ထမ်း လွန်ကြိုးပမ်း  လူစွမ်းပြကြလေ..။
ထို ကဗျာလေး သည် ဘုရားရှင် ၏ ဂုဏ်ကျေးဇူးတော်တို့ကို တင်ပြရာ၌ အလွန်ထင်ရှားစေသော
ကဗျာ တစ်ပုဒ် ဖြစ်ပေသည်။
 ဆိုလိုချက် အဓိပ္ပါယ်မှာ ပေါ်လွင် ထင်ရှားနေပြီး ဖြစ်၍ ရှင်းလင်း တင်ပြရန် မလိုတော့ပေ။ သို့သော်လည်း
အနည်း ငယ် တင်ပြလိုပေသည် ၊    အကယ်၍ နေမင်း ကြီးသည် ကမ္ဘာ လောက ၌ ပေါ်ထွန်းမလာခဲ့
လျှင် သတ္တ၀ါ အားလုံး တို့သည်လည်း အမှောင်လောကကြီးထဲ၌ စမ်းတ၀ါးဝါးနှင့် သွားလာနေကြရပေ
လိမ့်မည်၊ လမ်းခရီး ၌ လည်း ဆူးညှောက် ခလုပ်တို့ နှင့် တိုက်ချင် လဲ တိုက်နိုင်သည် ၊ ချောက်ထဲလဲ
ကျ ချင် ကျ နိုင်ပေသည်။  ထို ဆိုခဲ့သည်အတိုင်း ဗုဒ္ဓမြတ်စွာ မ ပွင့်ပေါ်လာလျှင် တရားစစ် တရားမှန်
 မရရှိကြ၍ သတ္တ၀ါ တို့  အပါယ် ချောက် တွင်း ထဲ သို့  ရောက်ရပေလိမ့်မည်၊ ထို့ပြင်  မနုဿတ္တ ဘာဝေါ
ဒုလ္လဘော ဆိုသော အလွန်ရခဲ့လှသည့်  လူ ဘ၀ တို့ကို မိမိ တို့ အသီးသီး ရရှိခဲ့ကြသော်လည်း သံသရာ
ထွက်မြောက်နိုင်ခြင်း  ၏ အကြောင်းတရား ဖြစ်သော တရားဓမ္မ နာကြားခွင့် လိုက်နာ ကျင့်သုံး ခွင့်
အားထုတ်ခွင့် ရရှိလိမ့်မည် မဟုတ်ပေ။  ယခု အခါ၌မူ ဘုရားပွင့်ထွန်းပေါ်ပေါက်လာသောကြောင့်  ရုပ်နာမ်
ဓမ္မ သင်္ခါရ တို့၏ အကြောင်း အကျိုး....။ အတိတ် ဘ၀ ၌ မသိမိုက်မဲစွာ ပြုလုပ်ခဲ့ကြသော အ၀ိဇ္ဇာ သင်္ခါရ
တဏှာ ဥပါဒါန် ဘ၀ ကြောင့်  ပစ္စုပ္ပန် ဘ၀၌ ရရှိလာသော အကျိုးတရား  ၀ိဉာဏ် နာမ် ရုပ် သဠာယတန
ဖဿ ဝေဒနာ  ၊ နောက် ဇာတိ ဇရာ မရဏ .....။
ထိုကဲ့သို့ အကြောင်းအကျိုးတရားတို့ကို  ဟုတ်တိုင်းမှန်စွာ ဟောပြထားသော တရားဓမ္မ ဟောပြော နာယူ
မှတ်သား ခွင့်များစွာ  ရရှိခဲ့ကြပေသည်။ မိမိ တို့ သန္တာန်၌ မှားယွင်းနေသော  အယူအဆအမှား အစွဲအလမ်း
တို့သည် ဘုရားပွင့်ထွန်းပေါ်ပေါက်လာသောအခါ၌  အစွဲမှား အယူမှား တို့ကို ဖယ်ရှာခွင့်ရကြပေတော့
သည်။  ထို ကြောင့် လူ နတ် ဗြဟ္မာတို့ ကျွတ်တန်းဝင်ကြသည်မှာလည်း ကုဋေပေါင်း ရှစ်သောင်း လေး
ထောင် မက များပြားလှပေသည်။မိမိ တို့ အားလုံး ပါရမီ နု သေ၍  လက်ရှိ ကျွတ်တန်းမ၀င်နိုင်ကြသေး
သော်လည်း  ဘုရားရှင်၏ ကျေးဇူး ကြောင့် မျက်ကန်း ဘ၀ မှ မျက်စိနှစ်လုံး အလင်းရသလို အမှောင်ထဲ
၌ စမ်းတ၀ါးဝါး မဟုတ်တော့ပေ။ ထို့ကြောင့် ဗုဒ္ဓ ၏ ဂုဏ်ကျေးဇူး တို့ကို အားလုံး သိကြသည့်အတိုင်း
ကိုးကွယ်သူ ပုဂ္ဂိုလ် သတ္တ၀ါတို့ သည်လည်း တကယ် ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် နှင့် တွေ့
ကြရသဖြင့် သံသရာ တစ်လျှောက်လုံး  ဘ၀ ၏ အဓိပ္ပါယ် တို့ကို ငြိမ်းချမ်းစွာ  နေထိုင်ခြင်းဖြင့် တဏှာက္ခယော တဏှာ ကုန်ဆုံးရာ နိဗ္ဗာန် သို့လည်း မျက်မှောက်ပြုနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ ဘ၀ ၏
ငြိမ်းချမ်းရာ ဘ၀ ၏ လွတ်မြောက်ရာ ဘ၀ ၏ ကုန်ဆုံးရာ သို့  မျက်မှောက်ပြုနိုင်ခြင်းသည်  ဘုရားရှင် ၏
ကျေးဇူး ပင်ဖြစ်ပေတော့သည်။ ထို ကြောင့် ဗုဒ္ဓဂုဏော အနန္တော  ဘုရားရှင်၏ ကျေးဇူး ဂုဏ်တော်သည်
အနန္တ ဖြစ်ပေတော့သည်။ ထို ကြောင့် ဘုရားရှင်ကို တစ်နေ့ သုံးကြိမ် ရှစ်ခိုး ကန်တော့ ထိုက်ပေတော့
သည်၊ မနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ည အိပ်ခါနီး တစ်ကြိမ် ရှစ်ခိုး ကန်တော့ကြပါကုန်စို...။

                                                                 အရှင်နန္ဒမဉ္ဇူ ( ရေးသားတင်ပြသည်)